နောက်ဆုံး...
မိုးနဲ့မြေလို ဝေးတယ်
မြေနဲ့ မိုးလို ကွာဝေးခဲ့ကြ
အနာတွေကို ကုစားဖို့အတွက်
ခု ကျွန်တော်
ကိုယ့်ကိုကိုယ် ဖြေသိမ့်နိုင်ဖို့ ဆေးရှာနေတာ
ကမ္ဘာမြေရယ်
စိမ်းလန်းခြင်းတွေရယ်
တောင်တန်းများရယ်
ပင်လယ်သမုဒ္ဒရာများရယ်
ပြီးတော့ မိုးကောင်းကင်ကြီးရယ်
နေထိုင်ဖို့ အတွက် တစ်နေရာစာပေးပါ
ကျွန်တော့်မှာ နေစရာမဲ့နေပြီ အမှန်တကယ်ကိုမဲ့နေခဲ့ပြီ
ခိုနားဖို့အတွက် တစ်နေရာစာလောက်ပေးကြပါ
တောင်းခံကြည့်တာပါ
ကလေးတစ်ယောက်လို ငိုကြွေးဖို့အတွက်
မဖြူစင်တော့တဲ့ မျက်ရည်တွေလည်း စီးကျမပြချင်တော့ဘူး
မရှိနိုင်တော့ဘူးဆိုရင်လည်း
ထပ်ပြီးတောင်းဆိုမိမယ် ပေးပါ
ထီးတစ်ချောင်းတည်းနဲ့ နှစ်ယောက်မလုံခြုံနိုင်ဘူးဆိုတာ
တစ်လှေတည်းပါပဲ
ဒါပေမယ့် တစ်ခရီးကို အတူမသွားနိုင်ဘူးဆိုတာ
ကျွန်တော်သိပြီ
ကျွန်တော်သိပါပြီ
တကယ်ကိုပါပဲ ကျွန်တော် သိခဲ့ပါပြီ
ခုအခါ
ဝေးကွာခြင်းမှာ
စီးနင်းလိုက်ပါဖို့ အတွက်လည်း ကျွန်တော်အသင့်ဖြစ်နေခဲ့ပြီ။ ။
မောင်ခင်လေး